Tuesday, June 6, 2017

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ (၃) ။။။။။။။။။။။။။။။။

နှစ်လိုဖွယ်အိမ်ထောင်ရှင်မ (၃)
။။။။။။။။။။။။။။။။
 လှလှပပနေပါ။
ဒါကတော့ နံပါတ်(၁) အရေးကြီးပါတယ်။ "မင်းကို ချစ်လို့ယူထားတာ လှလို့ မဟုတ်ဘူး" လို့ ပြောတာကို သာယာရင်လည်း ၄/၅ နှစ်ပေါ့။ တကယ်တော့ လှပနေခြင်းဟာ အမျိုးသားအတွက်ဆိုတာထက် မိမိကိုယ်တိုင်အတွက် ယုံကြည်မှုအတွက်ပါ။ ကိုယ်ဟာ ဖြူဖြူ၊ညိုညို၊ ဝဝ၊ ပိန်ပိန် ဘယ်လို အသားအရည် ဘယ်လိုပုံစံ ဖြစ်နေပါစေ ကိုယ့်ရဲ့ ကိုယ်ပိုင် ဟန်အတိုင်း လှနေအောင်နေပါ။ တခါတလေ ရိုးရိုးယဉ်ယဉ်၊ တခါတလေ ဆွဲဆောင်မှုရှိတဲ့ပုံစံ၊ တခါတလေ ဂေါ်လီစတိုင်၊တခါတလေ သိမ်မွေ့တဲ့စတိုင် စသဖြင့် မိမိနဲ့ လိုက်ဖက်မယ့် အမြင်မရိုင်းတဲ့ ပြင်ဆင်မှုနဲ့ အမြဲ သစ်လွင်နေပါစေ။ ကိုကိုအိမ်ဦးနတ်တို့ မရိုးတဲ့အပြင် ကိုယ့်ရဲ့ မတူတဲ့ စတိုင်တွေကို မခန့်မှန်းနိုင်အံ့သြပြီး ပြုံးပြုံးကြီး ကျေနပ်နေမှာပါ။ အဲ.... ကိုယ်အိမ်ထောင်ဘက်ရဲ့ အကြိုက်နဲ့ မရိုင်းတဲ့ အပြင်အဆင်ဘောင်အတွင်းကတော့ ဖြစ်ရမှာပါ။ အလှမကြိုက်တဲ့ ယောက်ျား မရှိသလောက်ရှားပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ် အတွင်းရော အပြင်ရောကို အလှ ထိန်းသိမ်းပေးပါတယ်။ ကလေးမွေးပြီးလို့၊ အသက်ကြီး လာလို့ လျော့ရဲလာတဲ့ ကြွက်သားတွေကို တင်းရင်းအောင် ထိန်းသိမ်းပေး ပါတယ်။တစ်နေ့ကိုအနည်းဆုံး၃၀မိနစ်အချိန်ယူပြီးလုပ်ပါ။ နောက်ထပ်အရေးကြီးတာတခုက လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြင် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုပါ ပေးနိုင်တယ်ဆိုတာမမေ့ပါနဲ့။ ရေများများသောက်ပါ။ အချိုနဲ့ အဆီတွေကို ရှောင်ပါ။အိပ်ရေးဝအောင်အိပ်ပါ။

 မိမိကိုယ်ကိုတန်ဖိုးထားပါ။
မိသားစုကိုချစ်ဖို့၊ဂရုစိုက်ဖို့ ၊စောင့်ရှောက်ဖို့ မိမိကိုယ်ကိုအရင်ဆုံး ချစ်ဖို့၊ဂရုစိုက်ဖို့ လိုပါတယ်။ မိသားစုမှာ မိမိရဲ့ အရေးပါမှုကို နားလည်ပြီး စိတ်ထားပြည့်ဝကျန်းမာနေမှ သာယာတဲ့ မိသားစုကိုမိမိက တည်ထောင်နိုင်မှာပါ။ မိမိကိုယ်တိုင်က စိတ်ဓါတ်ကျ အားငယ်၊ဝမ်းနည်း မကျေနပ်ဖြစ်နေရင် မိမိ မိသားစုကိုလည်း ပူလောင်မှုတွေကိုသာ ပေးနေမိမှာပါ။ ကိုယ်ဟာ ဒီမိသားစုလေးရဲ့ သာယာအေးချမ်း အောင်မြင်ပျော်ရွှင်မှုတွေရဲ့ ပဲ့ကိုင်ရှင်ဆိုတာကို မမေ့ပါနဲ့။

အမြဲမပြတ်သင်ယူနေပါ။
သားသမီးတို့ကို ပြုစုဖို့ ကိုယ့်ရဲ့ ပညာတွေနဲ့အလုပ်မလုပ်ပဲ အိမ်မှာပဲနေပြီး သားသမီးနဲ့ လင်ယောက်ျားအတွက် အချိန်ပေးထားရတယ်ဆိုပေမယ့် ကိုယ့်ရဲ့ ဝါသနာပါရာ သင်ယူလေ့လာမှုကို မရပ်လိုက်ပါနဲ့ ။ သားသမီးရဲ့ ရည်မှန်းချက်ကို ပြည့်အောင် ဖြည့်ဆည်းပေးရင်း မိမိကိုယ်ပိုင် အိပ်မက် ကိုလည်း တချိန်မှာ အကောင်အထည်ဖော်နိုင်အောင် အားဖြည့်နေလို့ရပါတယ်။ သားသမီးတွေ လက်လွတ်သွားတဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ်ပေါ့။ တချိန်ကျရင် ကလေးတွေကြီးလာရင် ကိုယ်ဟာ ကိုယ့် သားသမီးတွေရဲ့ ဖွံ့ဖြိုးမှု အဆင့်တိုင်းကို လွတ်သွားတာမျိုးမရှိပဲ အနီးကပ် စောင့်ရှောက်ပြီး ချစ်ခွင့်ရတဲ့အပြင် ကိုယ့်ကိုယ်ပိုင် အတွေးအခေါ် အယူအဆတွေကိုလည်း ရှင်သန်နေအောင် အမြဲလုပ်ထားတဲ့ အတွက် ပျော်ရွှင်ပြည့်စုံမှုကို နှစ်ဆ ခံစားရမှာပါ။

 စာများများဖတ်ပါ။
အိမ်မှာပဲနေရတဲ့ အိမ်ရှင်မတွေ ပိုပြီး စာဖတ်ဖို့ လိုပါတယ်။ စာဖတ်ခြင်းဟာ ဦးနှောက်နဲ့စိတ်ကို အာဟာရဖြည့်တင်းပေးနိုင်ပါတယ်။ စာပေ အလင်းနဲ့ မိမိကိုယ်ကို တောက်ပစေနိုင်ပါတယ်။

 ဘာသာရေးကို လိုက်စားပါ။
အိမ်ရှင်မဟာ ကိုယ်လှသလို စိတ်လှဖို့လည်း လိုပါတယ်။ ဉာဏ်ရည် ထက်မြက်သလို စိတ်ဓါတ်ထက်မြက်ဖို့လည်းလိုပါတယ်။ စိတ်အေးချမ်းပြီး ရုပ်တည်ကြည်ဖို့ ဘာသာရေးက အထောက်အကူပြုပေးပါတယ်။

ခွင့်လွှတ်ပါ။
ကိုယ်ဟာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ချင်တာဖြစ်တဲ့အတွက် ကိုယ့် အိမ်ထောင်ဖက်ရဲ့ အတိတ်က အပြစ်တွေကို ခွင့်လွှတ်ပါ။ မိမိ ကိုယ်ကိုလည်း ခွင့်လွှတ်ပါ။ ခွင့်လွှတ်လိုက်တာဟာ မိမိအလျော့ပေးလိုက်တာ မဟုတ်ပဲ ပိုကောင်းတာတွေ လုပ်ဖို့ မကောင်းတဲ့ စိတ်ခံစားချက်တွေကို လွှတ်ချလိုက်တာပါ။

 နားလည်ပေးပါ။
ယောက်ျားလေးဘာသာဘာဝ အပေါင်းအသင်းမက်တာ၊ အသောက်အစား နည်းနည်းပါးပါးရှိတာ၊ ဘောလုံးပွဲ ကြည့်တာ စတာတွေကို အတိုင်းအတာ တစ်ခု အထိ နားလည်ပေးပါ။ လုပ်ခွင့်ပေးပါ။ ကိုယ်လည်းမိန်းကလေး ဘာသာဘာဝ အလှပြင်ဆိုင်သွားတာ၊ သူငယ်ချင်းနဲ့ ဈေးဝယ်ထွက် တာတွေရှိသင့်ပါတယ်။ အပြန်အလှန်ပေါ့။

 ချစ်ပါ။
သူ့ကိုချစ်ပါ။ သူ့ ဝါသနာကို ချစ်ပါ။ သူ့ပတ်ဝန်းကျင်ကို ချစ်ပါ။ သူ့ မိဘကို ချစ်ပါ။ သူ့သားသမီးကို ချစ်ပါ။ဒါလည်းအပြန်အလှန်ပါပဲ။
( ဒီနေရာမှာ တချို့တွေအတွက် ကိုယ့်ကိုမှ မချစ်တဲ့ မကောင်းတဲ့ တစ်ဖက် အသိုင်းအဝိုင်းကို ဘယ်လိုချစ်ရမှာလဲ ဆိုပြီး ပြောစရာရှိပါတယ်။ သူတို့ မကောင်းတာက သူတို့ မကောင်းတာပဲမို့ ကိုယ်ကသာ ကောင်းဖို့ ပိုအရေးကြီးပါတယ်။ကိုယ်က ကောင်းခြင်းကကိုယ့်ပတ်ဝန်းကျင်ကို              ကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ အရမ်းကြီး နားလည်မှုမရှိပဲ ဆိုးတဲ့ သူမျိုးဆိုရင်လည်း အရမ်းကြီး မုန်းပြီး မကောင်းအမြဲ ပြောနေစရာမလိုပဲ ပုံမှန် ဆက်ဆံရေးလောက်အဖြစ်ထိန်းထားနိုင်ပါတယ်။ကိုယ့်အမျိုးသားကို ကျွေးမွေး စောင့်ရှောက်လာတဲ့ မိဘများဖြစ်လို့ မကောင်းရင်တောင် အမြဲတမ်းကြီး ရင်ထဲထည့်ပြီး မုန်းနေစရာ မလိုပါဘူး။ မိမိက နားလည် ခွင့်လွှတ်ပြီး အမှားမလုပ်မှန်းကို သာမန် ကိုယ်ချင်းစာတရားရှိပြီး နားလည်မှုရှိတဲ့ အိမ်ထောင်ဘက်ဆိုရင် နားလည်ပါလိမ့်မယ်။) အားလုံး အဆင်ပြေပြီး နားလည်မှုနဲ့ တဖက်နဲ့တဖက် ပြေလည်ရင်တော့ အကောင်းဆုံးပါပဲ။

ဆွဲဆောင်မှုရှိပါ။
ခုတော့ သုံးဆယ်ကျော်လို့၊ လေးဆယ်ကျော်လို့ အဆီတွေပိုလာလို့ ဆွဲဆောင်မှု မရှိတော့ဘူးဆိုပြီး ကိုယ့်ကိုယ် ရုပ်ချပြီး မနေသင့်ပါဘူး။ ငယ်ငယ်ကဘယ်လိုလှတာဆိုပြီးငယ်ငယ်ကဓါတ်ပုံတွေပဲသတိရပြီး                ပြန်ကြည့်နေမယ့်အစား အခုလက်ရှိပုံစံက ငယ်ငယ်ကထက် ပိုပြီး ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိပါတယ်ဆိုပြီး ဖြစ်အောင်နေရမှာပါ။ ပုရိသတို့ သဘောကျတတ်၊ ကြည့်တတ်တဲ့အငယ်လေးတွေ၊ sexy model လေးတွေ လောက်တော့မိမိကသနားလို့ ပြုံးပြလိုက်မယ်ဆိုပြီး           ပြောနိုင်အောင် ကိုယ်ကလည်း ကိုယ့် အရွယ်အလိုက် ဆွဲဆောင်မှု ရှိနေသင့်ပါတယ်။

တာဝန်ကျေပါ။
အိမ်ထောင်တစ်ခုမှာ ယောက်ျားကလည်း မိမိ ပြုလုပ်သင့်တဲ့ မိသားစုကို ပံ့ပိုးစောင့်ရှောက်ဖို့တာဝန်ကျေရဖြစ်သလို အိမ်ထောင်ရှင်မိန်းမကလည်း မိမိရဲ့ အိမ်ထောင့်တာဝန်ကိုကျေရမှာပါ။ အိမ်ရှင်မဟာ မလုပ်ချင်ရင် သာနေရ မယ် အချက်အပြုတ် စတဲ့ မီးဖိုချောင်အရေး၊ အိမ်အလှဆင်ရေး၊ သန့်ရှင်းသပ်ရပ်စွာနေတတ်ခြင်းစတဲ့ ပညာရပ်တွေကို တတ်မြောက်သင့် ပါတယ်။ ဒါတွေဟာ ဂုဏ်ယူစရာ ပညာရပ်တွေပါ။ အိမ်ဟာ သန့်ရှင်း သပ်ရပ်နေပြီး သာယာနေမှ နေချင်စရာကောင်းမှာပါ။

 ပြောင်းလဲပါ။( Be flexible)
တခါတလေ စကားများများပြောပါ( နှစ်ယောက်တူတူ အေးအေးလူလူရှိနေတဲ့ အချိန်မျိုးပေါ့)။ တခါတလေ တိတ်ဆိတ်ပါ( သူစိတ်ညစ်၊ စိတ်ရှုပ်နေတဲ့ အချိန်မျိုးပေါ့) ။ တခါတလေ နူးညံ့ပျော့ပျောင်းပါ( သူ အားငယ်နေတဲ့ အချိန်မျိုးပေါ့)။ တခါတလေ မာကျောပါ( ဘဝ အခက်အခဲ ကြုံတဲ့ အခါမျိုးပေါ့)။ တခါတလေ စိတ်ကောက်ပါ( ချွဲနွဲ့ရမယ့် ကိစ္စမျိုးပေါ့)။ တခါတလေ သဘောထားကြီးပါ( သူ့မိသားစု၊ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ အခါမျိုးပေါ့) ။ တခါတလေ ကလေးဆန်ပါ ( နှစ်ယောက်တည်းရှိတဲ့ အချိန်တွေ မှာပေါ့) ။ တခါတလေ ရင့်ကျက်ပါ( သူနဲ့ကိုယ် သဘောထား ကွဲတတ် တဲ့ အခါမျိုးတွေမှာပေါ့)။

မိန်းမဆန်ပါ။
အိမ်ရှင်မဟာချက်ပြုတ်ပြုစုစောင့်ရှောက်ရေးမှာမိန်းမဆန်ပါ။ ငွေကြေးစုဆောင်းရေးမှာ မိန်းမဆန်ပါ။ အိမ်ထောင်ဘက်နဲ့ ချစ်တင်းနှောအတူနေချိန်မှာ မိန်းမဆန်ပါ။ အိမ်ထောင်ဘက်ကို အခြားမိန်းကလေးကိစ္စနဲ့ ပတ်သက် လာရင် မိန်းမဆန်ပါ။ ( အနည်းငယ် သဝန်တိုပါ) သူပင်ပန်းနေချိန်မှာ မိန်းမဆန်ပါ(အားပေးပါ) သူဖျားနာနေချိန်မှာ မိန်းမဆန်ပါ ပြုစုပါ။

 ယောက်ျားဆန်ပါ။
တခါတလေ ယောက်ျားဆန်ပါ။ သူတို့ စဉ်းစားသလို စဉ်းစားပြီး တချို့ကိစ္စတွေ မသိချင်ယောင်ဆောင်နေပါ။ သူ့ သူငယ်ချင်းတွေ နဲ့ အတူတွေ့ရမယ့်အချိန်မှာ ယောက်ျားဆန်ပါ။ သူ့အလုပ်အကြောင်းပြောပြလာရင် ယောက်ျားဆန်ပါ အတူခေါင်းစားပါ။ သူ့ဝါသနာအကြောင်း ပြောပြလာရင် ယောက်ျားဆန်ပါ။ သူမိဘနဲ့ ပတ်သက်လာရင် ( သူမြင်တဲ့ အတိုင်း သူစိတ်ထားတဲ့ အတိုင်း အနီးစပ်ဆုံး နားလည်အောင် ) ယောက်ျားဆန်ပါ။ ကိုယ်ဘာသာဆို ကိုယ်ဟာ ချွေးမတစ်ယောက် အနေနဲ့ပဲ စဉ်းစားမိနေမှာမို့လို့ အခက်အခဲရှိပါတယ်။

 မျှတပါ။
မိမိ လိုချင်တာတွေ ဖြည့်ဆည်းပေးတာ ဖြစ်စေချင်သလို၊ မိမိကလည်း သူလိုချင်တာကိုဖြည့်ဆည်းပေးနိုင်မှ မျှတမှုရှိမှာပါ။ တစ်ယောက်ကို တစ်ယောက် ရင်ထဲက အစိုင်အခဲမရှိပဲ ပြေလည်မှုတွေနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ရာ နှစ်ဦးနှစ်ဖက် မျှတဖို့ အရေးကြီးပါတယ်။

ပွင့်လင်းပါ။
နှစ်ယောက်ပေါင်းပြီး ထူထောင်ထားတဲ့ ဘဝမို့လို့ အိမ်ထောင်ဘက် အချင်းချင်း ပွင့်လင်းဖို့လိုပါတယ်။ ဝှက်ဖဲတွေ ရှိနေတဲ့ အိမ်ထောင်ရေးဟာ ဘယ်တော့မှ စစ်မှန်တဲ့ သာယာမှုကို ရမှာ မဟုတ်ပါဘူး။

အတူတူလုပ်ပါ
ဗိုက်ထဲမှာ အတူတူနေလာတဲ့ အမွှာတွေတောင် အကြိုက်တူတာတွေ များတယ်ဆိုပေမယ့် မတူတာတွေလည်းရှိမှာပါ။ ရည်းစားဘဝက မိန်းကလေးကြိုက်တာကို အားလုံး လိုက်ကြိုက်တဲ့ပုံစံ သူကြိုးစားခဲ့ပေမယ့် အိမ်ထောင်သက်ကြာလာရင်တော့ သူဆက်မကြိုက်ပေးနိုင်တော့ပါဘူး။ ဒါကြောင့် အကြိုက်မတူတာတွေကို နှစ်ယောက်နားလည်ပေးပြီး တူတူ လုပ်လို့ရတဲ့ အရာတွေကို တူတူလုပ်ပါ။ လမ်းတူတူလျှောက်တာ၊ လေ့ကျင့်ခန်းတူတူလုပ်တာ၊ အိမ်သန့်ရှင်းရေး တူတူလုပ်တာ၊ ကော်ဖီဆိုင်လိုနေရာတွေမှာ အေးအေးလူလူ တူတူထိုင်တာ၊ ခရီးတူတူသွားကြတာ။

ကိုယ်ပိုင်ချိန် (Me Time) ယူပါ

စိတ်တူကိုယ်တူ အားလုံးအကြိုက်တူတဲ့ လင်မယားတွေရှိသလို အကြိုက်သိပ်မတူတဲ့ လင်မယားတွေလည်းရှိမှာပါပဲ။ သူစိတ်ဝင်စားတာကို သူ့ဘာသာသွားလုပ်ခွင့်ပေးပြီး မိမိကလည်း မိမိစိတ်ဝင်စားတာကို ကိုယ့်ဘာသာလုပ်သင့်ပါတယ်။ ဒီလို နှစ်ယောက် ကိုယ်ပိုင်ချိန် သီးသန့် ယူထားရင်အတူတူနေရတဲ့အချိန်မှာပိုပြီးတန်ဖိုးရှိ နွေးထွေးစေနိုင်ပါတယ်။     နှစ်ဦးစလုံးက ကိုယ်ပိုင် ကျေနပ်နှစ်သိမ့်မှု ရနေလို့ပါ။ အချုပ်အနှောင် အရမ်းကြီး မရှိတော့ စိတ်လွတ်လပ်မှုကို ရစေနိုင်ပါတယ်။

ညှိနှိုင်းပါ။
မိသားစုအတွက် မိမိဖြစ်ချင်တာ၊ ဖြစ်စေချင်တာ၊ပြောင်းလဲဖို့ လိုအပ်တာတွေကို အကောင်းမြင်စိတ်နဲ့ ဆွေးနွေးပါ။ ညှိနှိုင်းပါ။ အဖြေရှာပါ။

 ပြုပြင်ပါ။တောင်းပန်ပါ။
ကိုယ့်ရဲ့ အားနည်းချက်နဲ့ အမှားတွေကို ပြုပြင်ပါ။ တောင်းပန်စကားပြောဖို့ ဝန်မလေးပါနဲ့။

 လေးစားပါ။
တစ်ယောက်ကို တစ်ယောက် အပြန်အလှန်လေးစားရမှာပါ။

မပြောပါနဲ့
သူ့ရဲ့ မိဘ၊ ဆွေမျိုး မကောင်းကြောင်းကို သူ့ကို မပြောပါနဲ့။ လူတွေရှေ့မှာ သူ့ရဲ့ အပြစ်နဲ့ အားနည်းချက်ကို မပြောပါနဲ့။ သူရဲ့ သားသမီးတွေကို သူ့ရဲ့ အပြစ်နဲ့ အားနည်းချက်တွေကို မပြောပါနဲ့။

 ပြောပါ။
သူရဲ့ ကြိုးစားမှုကို ချီးကျူးပေးပါ။ သူ့ရဲ့ ကောင်းတဲ့ အချက်တွေကို ချီးကျူးပေးပါ။ သူ့ကို ချစ်တယ်။ စိုးရိမ်တယ် ဆိုတာ မျိုးကို ပြောပေးပါ။

မိခင်ပီသပါ။(ဖခင်ပီသပါ)
သားသမီးရလာရင် မိန်းမတွေဟာ သဘာဝအလျှောက် မိခင်စိတ်ဖြစ်ပါတယ်။ မိခင်တစ်ယောက်ရဲ့ တာဝန်နဲ့ အလုပ်တွေဟာ ခက်ခဲနက်နဲလွန်းပါတယ်။ ကိုယ်ဟာ ကလေးနဲ့ ပတ်သက်ရင် အကောင်းဆုံးဖြစ်အောင်လုပ်မယ်၊ မသိတာကို သိအောင် သင်ယူမယ်၊ မိခင် အရမ်းပီသတယ်ဆိုရင် အိမ်ထောင်ဘက် အများစုဟာ မိမိကို မိခင်ကောင်းတစ်ယောက် အနေနဲ့ လေးစားချစ်ခင်တတ်ကြပါတယ်။

သစ္စာရှိပါ။
အိမ်ထောင်တစ်ခု တည်မြဲဖို့ရာ သစ္စာတရားဟာ မရှိမဖြစ်ကို လိုအပ်တာပါ။

တဖန်ပြန်ချစ်ပါ။ ( fall in love again)
လွန်ခဲ့ တဲ့ ဆယ်နှစ်၊ နှစ်နှစ်ဆယ်က ရင်ခုန်စွာ ချစ်ခဲ့တဲ့ လူငယ်လေးတစ်ယောက်ကိုပဲ အခုလက်ရှိ သူရဲ့ပြောင်းလဲသွားတဲ့ အသိဉာဏ်၊စိတ်ဓါတ်၊ ရုပ်ရည်အတိုင်း ပြန်ချစ်ပါ။ ချစ်လာနိုင်မယ့် အတွေးမျိုး၊ အမြင်မျိုးနဲ့ မြင်ကြည့်ပေးပါ။ တဖန်ပြန်ချစ်ပါ။

အများအားဖြင့် ဒီလို နှစ်လိုဖွယ်ကောင်းတဲ့ အိမ်ရှင်မမျိုးကို အိမ်ထောင် ဦးစီးများက အချစ်ပိုတတ်ပါတယ်။ တန်ဖိုးထားပါတယ်။ နှစ်ယောက် တစ်ဘဝ တည်ဆောက်ထားတာဖြစ်လို့ တရားလွန်တဖက်သတ် အတ္တမျိုးက မရှိသင့် ပါဘူး။အိမ်ရှင်မအနေနဲ့ အရည်အချင်းတွေ၊မေတ္တာတွေ ၊ အလှအပတွေနဲ့ ပြည့်စုံပါလျက်နဲ့ ဝါသနာပါလို့ပဲဖြစ်ဖြစ်၊ ဝဋ်ကျွေးပါလို့ပဲဖြစ်ဖြစ် အသစ်ရှာချင်နေပါတယ်ဆိုရင်တော့လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ကိုယ့်လမ်းကိုယ်လျှောက်ရုံသာ ရှိပါတော့တယ်လေ။ ဒါပေမယ့် အိမ်ရှင်မဟာ သူမရဲ့ အသိဉာဏ်နဲ့ နှလုံးသားကို ဝမ်းစာ ဖြည့်တင်းပြီး ဘဝကို ဖြတ်သန်းလာတာမို့ ဘဝနာစရာ၊ စိတ်နာစရာ အကြောင်း နည်းပါးမှာပါ။ ဒီလို ဖြစ်ရတာဟာ တဖက်လူရဲ့ ဘဝအကြောင်း သာ ဖြစ်ပါတယ်။ မိမိအနေနဲ့က တာဝန်ကျေခဲ့တယ်လေ။

အိမ်ထောင်ရှင် အမျိုးသမီးတိုင်း သာယာပျော်ရွှင်တဲ့ အိမ်ထောင်ကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။

( ဒါတွေကို နှစ်ဦးနှစ်ဖက်ပြုလုပ်ကြရင်တော့ အကောင်းဆုံးပါ။ တစ်ဖက်သတ်ဆိုရင်တော့ ပျော်စရာ ဘယ်ကောင်းပါ့မလဲနော်)

Credit :

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...