Tuesday, June 6, 2017

ချစ်သူ (သို့) ခင်ပွန်းဆီက မျှော်လင့်မိတာတွေ…



ချစ်သူ (သို့) ခင်ပွန်းဆီက မျှော်လင့်မိတာတွေ…။။။။။။။။။။။။။။။။။။။။။ကျွန်မကတော့ အသက်ကြီးလာလေ သူ့ဆီက မျှော်လင့်မိတာတွေ ပိုများလာလေလို့ပဲ ပြောရမယ် ထင်ပါရဲ့ ...
သူ ကျွန်မကိုလိုက်နေတဲ့ သမီးရည်းစားဘ၀တုန်းကတော့ သူ့ဆီက မျှော်လင့်မိတာ တစ်ခုပဲ။ အဲဒါကတော့ ကျွန်မကို အခြားသူတွေထက်ပိုပြီး ဦးစားပေးတာ၊ ဂရုစိုက်တာ၊ ကျွန်မကိုမှ မရရင် သေတော့မလို ချစ်ပြတာ ဒါကို သိပ်သဘောကျခဲ့တာပဲ။ ဒါကို ကျွန်မလိုပဲ မိန်းကလေးတိုင်း မျှော်လင့်မိလိမ့်မယ်လို့ယူဆပါတယ်။ သူ့ကိုကိုယ်က ပြန်မချစ်နိုင်သေး ရင်တောင်မှကိုယ့်ကို ဒီလို ချစ်တဲ့သူ ရှိပါလား ဆိုပြီး ဂုဏ်ယူချင်တာကိုး။
သူ ကျွန်မရဲ့ချစ်သူ ဖြစ်လာတော့ ကျွန်မ ရဲ့ မျှော်လင့်ချက်တွေက နည်းနည်းလေး ပိုများလာတယ်။ သူရဲ့ပထမဦးစားပေးပြီး ဂရုစိုက်တဲ့သူ အဖြစ်လည်း မျှော်လင့်တုန်း၊ ပြီးတော့ ကျွန်မအပြင် အခြားတစ်ဦး သူ့စိတ်ကူးထဲမှာ မရှိဖို့။ ကျွန်မကို အလွန်အကျွံ မဟုတ်တဲ့ သ၀န်တိုတာမျိုး၊တကယ်စိတ်မဆိုးဘဲနဲ့ စိတ်ဆိုးချင်ယောင်ဆောင် တဲ့ အခါ သူ ချော့တာ၊ ကျွန်မထက်အရင် သူက ဖုန်းဆက်တာ၊ သူက ပိုသတိရတဲ့ သူကပိုပြီး မက်မောတဲ့သူ၊ သူက ကျွန်မ မရှိရင်မနေနိုင်တဲ့ သူ၊သူ့ဘ၀မှာကျွန်မကအရေးကြီးဆုံး ဆိုပြီးအဲဒီလိုမျှော် လင့်မိတာပဲ။ ဒါလည်း ကျွန်မတစ်ယောက်တည်းတော့ဟုတ်မယ် မထင်ပါဘူး။
အိမ်ထောင်ကျကာစမှာတော့ မျှော်လင့်ချက်က နည်းနည်းလေး ပိုများလာပြန်ရော။ ရှေ့က ဦးစားပေးတာ၊ ဂရုစိုက်တာတွေအပြင် ကိုယ့်မိန်းမကလွဲရင် အခြားမိန်မတွေများ စိတ်ရှုပ်လွန်းလို့ဆိုတာမျိုး၊ အခြားမိန်းကလေးတွေကို မျက်လုံးနဲ့တောင် စွေ မကြည့်တာမျိုး၊ မိန်းမစားချင်တာလေးတွေကို ဈေးကိုယ်တိုင်သွားပြီး ကိုယ်တိုင်ချက်ကျွေးရင် တစ်ယောက်မျက်မှာ တစ်ယောက်ကြည့်ပြီး ထမင်းစားရတာမျိုးလည်း မျှော်လင့်တြယ်။
လစာမထုတ်ခင် ပြတ်တုန်း လပ်တုန်း ၂၃ လို ရက်မျိုးတွေမှာတော့ လက်ထဲမှာ ရှိတဲ့ပိုက်ဆံကို ခြိုးခြံပြီး လက်ဖက်ရည်တစ်ခွက်ကို မေ သောက်လိုက် မောင် သောက်ပါ ဆိုပြီး အချစ်ပြိုင်ကြ တာမျိုး။လစာထုတ်ရက်ဆိုရင် အိမ်ကို ၀မ်းသာအားရပြန်လာပြီး နှစ်ယောက်အတူတူ အပြင်ထွက်လည် မုန့်စားပြီးတော့ကျွန်မ လိုချင်တာလေးတွေ ၀ယ်ပေးတာမျိုးတွေကိုမျှော်လင့်ခဲ့ တာပေါ့။
တဖြည်းဖြည်းနဲ့နည်းနည်းတော့ပိုပြီး လောဘကြီးလာတယ် ထင်ပါရဲ့ အိမ်ထောင်သက် ၁၀ နှစ်ကျော်လာတော့လည်း ပိုပြီးမျှော်လင့်မိတာ များလာတယ်။ ရှေ့က အချက်တွေအပြင် ကိုယ့်မှာ ရှိနေတဲ့ အားနည်းချက်တွေကို နည်းနည်းလေးမှ မငြိုင်ြင်​ဘဲနဲ့ သူအလိုလို နားလည်ပေးတဲ့သူ ဖြစ်စေချင်လာတယ်။
ပြီးတော့ မဖြစ်နိုင်မှန်း သိပါလျက်နဲ့ သမီးရည်စား ဘ၀တုန်းကလိုပဲ ကိုယ်မရှိရင် မဖြစ်ပါဘူး ဆိုတာမျိုး ပြန်ပြီး ဖြစ်လာစေချင်တယ်၊။ ပြီးတော့ ကိုယ့်ကို ချုပ်ချယ်တာမျိုး မဟုတ်ကြိုက်ပေမဲ့ ချစ်သူဘ၀တုန်းကလို သ၀န်တိုတာမျိုးကို ပြန်ပြီး ခံစားချင်လာမိတယ်။ ပြီးတော့ စကားပြောတဲ့အခါမှာလည်း ဟို အရင်တုန်းကလို ကိုယ့်မျက်နှာကို ငေးကြည့်ပြီး နားထောင်ပေးတဲ့သူ ဖြစ်စေချင်လာတယ်။
ပြီးတော့ကိုယ့်ဟာ သူ့ရဲ့အကောင်းဆုံး မိတ်ဆွေ၊ ရဲဘော်ရဲဘက်လို့သဘောထားပြီး သူတိုင်ပင်တာမျိုးကို လိုချင်လာတယ်။ ဒါ့ပြင် ကိုယ်တိုင်ပင်တဲ့အခါ သူက စိတ်ပါ လက်ပါ နားထောင်ပေးတာမျိုးလည်း မျှော်လင့်မိ ပါရဲ့။ ပြီးတော့ ကိုယ်အမှားတစ်ခုခု လုပ်မိတဲ့အခါ ရတယ် ဆိုပြီး အေးဆေးစွာနဲ့ကိုယ့်အမှားကို လက်ခံပြီး အားပေးတဲ့ သူ မျိုးအဖြစ် မျှော်လင့်မိပြန်ရော….။
အဲဒီလိုနဲ့အိမ်ထောင်သက်ရလာလေ ကိုယ့်ရဲ့မျှော်လင့်ချက်တွေက တဖြည်းဖြည်းနဲ့ ပိုပိုများလာလေလို့ဆိုရမှာပါ။
မိသားစုကို ထိခိုက်စေမဲ့ ကိစ္စရပ်တွေကိုရှောင်ကျဉ်ပေးဖို့။ပြီးတော့ အရာရာတိုင်းထက် မိသားစုကို တန်ဖိုးထားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့။ သားသမီးတွေကို စိတ်ရှည် သည်းခံပြီး နားလည်ပေးဖို့ပါ။
ပြီးတော့ကိုယ့်ကို အကောင်းဆုံးမိတ်ဆွေတစ်ယောက်လိုပါ သဘောထားပြီး ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ပေးဖို့၊ ကိုယ့်ကို အားလုံးထက် ပိုအရေးကြီးတဲ့သူလို ဆက်ဆံတာမျိုး မျှော်လင့်မိတယ်။ သူ့ရဲ့ကိစ္စတိုင်း အတွက် ကိုယ့်ကိုခေါ်သွားဖို့၊ ကိုယ်အားငယ်ချိန်မှာ ခွန်အားပေးဖို့၊ အရာရာတိုင်းမှာ ပြိုင်ဖက်လို သဘောမထားဖို့ကိုလည်း မျှော်​လင့်ပါရဲ့။
ကိုယ့်ကို အခြားသူနဲ့မနှိုင်းယှဉ်ဖို့၊ကိုယ့်သူ့ကို နားလည်ပေးလိုက်တဲကအခါတိုင်း ကိုယ့်ကို ချီးမွမ်းဖို့၊ ကိုယ့်ဘက်ကနေ သူ့အတွက် ဂုဏ်ယူစရာတွေဖြစ်လာခဲ့ရင် သူက ၀မ်းမြောက်ဝမ်းသာစွာနဲ့ဂုဏ်ယူစကားပြောပေးဖို့၊ ပြီးတော့လူကြားထဲမှာတောင် ကိုယ့်ကို စိတ်ရှည်ကြင်နာပေးဖို့ အရှက်မ (ခွဲ)ဖို့နဲ့ ကောင်းမွန်စွာဆက်ဆံပေးဖို့။ပြီးစလွယ်မဆက်ဆံဖို့နဲ့ကိုယ်နဲ့သူရဲ့ နေ့ရက်တွေကို မှတ်မှတ်ရရ ရှိပေးဖို့။အချိန်တွေအကြာကြီး စွန့်ပစ်မထားဖို့ အဲဒါတွေမျှော်လင့်မိတာပါပဲ။
တကယ်တော့ကျွန်မတို့မိန်းမတွေက တဖြည်းဖြည်းနဲ့ လောဘကြီးလာတာ မဟုတ်ပါဘူး။ ခင်ပွန်းသည်တွေဆီကနေ ပိုပိုပြီးမျှော်လင့်လာကြတာလည်း မဟုတ်ပါဘူး။
တကယ်ပဲ အိမ်ထောင်သက် ကြာလာလေ၊ အသက်အရွယ်ကြီးလာလေ၊ အိမ်ထောင်သည် အတွေ့အကြုံမြင့်လာလေ၊ အားလုံးရဲ့ မိသားစုဘ၀အရေးတွေကြားမှာ ကျွန်မတို့ မိန်းမတွေ၊ အိမ်ရှင်မတွေအပေါ် ခင်ပွန်းသည်တွေရဲ့ ကြင်နာမှုနဲ့ယုယမှုတွေ ကျဆင်းလာတယ်လို့ခံစားကြရလို့ပါ။
တကယ်လည်း ကိုယ့်ခင်ပွန်းရဲ့မျက်နှာတစ်ခုတည်းကို ကြည့်ပြီး ရှင်သန်ကြတဲ့မိန်းမသားတွေအဖို့နောက်ဆုံး အချိန်ထိ သူတို့လိုချင်တာ ခင်ပွန်းရဲ့မိသားစုအပေါ်မှာ မေတ္တာပါတဲ့ချစ်ခြင်းနဲ့ နွေးထွေးစွာ ဆက်ဆံရေးကိုပါ။ဒါလေး တစ်ခုတည်းကိုပါ။
Credit : မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment

ဂျပန်​က လူ​သေ​တွေထားတဲ့ဟိုတယ်​ကြီး

ဂျပန် နိုင်ငံကလူသေတွေထားတဲ့ ဟိုတယ်ကြီး ဒီဟိုတယ်ကြီးကတော့ ဂျပန်နိုင်ငံ ကာဝါစာကီမြို့မှာတည်ရှိတာဖြစ်ပါတယ်။ ဒီဟိုတယ်ကြီးဟာ အရင်ကဝပ်ရှော့အ...